သိပ်ချစ်ရတဲ့ သဲငယ်ရေ …
တွေးကြည့်စမ်းကွယ်။ တဖြည်းဖြည်းနဲ့ ကိုကိုတို့ ပြန်ဆုံကြရမယ့်ရက်က နီးကပ်လာပြီနော်။ ကိုကိုတော့ သဲငယ်ကိုပြန်လည်ပွေ့ဖက်နိုင်မယ့်ရက်ကလေးမို့ အများကြီးမျှော်လင့်ပြီး သိပ်ကို ရင်ခုန်တာပေါ့ကွယ်။ နှစ်တွေကြာပြီးမှ ပြန်လည်ဆုံတွေ့နိုင်ကြမှာမို့ အလွမ်းတွေအတိုးချလို့ နေ့ရက်တိုင်းမှာ ပျော်ရွှင်ကြရတော့မှာပဲလေ။ ကိုကိုတို့ရဲ့ ပြန်လည်ဆုံတွေ့ကြရခြင်းနဲ့အတူ နှစ်ယောက်ပေါင်းဖက်ပြီးဖြစ်လာမယ့် ဘဝတစ်ခုအတွက် ကြိုးစားတည်ဆောက်ကြရတော့မှာနော်။ ကိုကိုတော့ သဲငယ်နဲ့ရှေ့ဆက်သွားရမယ့် အနာဂတ်ကို မစောင့်နိုင်တော့အောင်ပဲ အမြန်ဆုံးရောက်ချင်လှပါပြီကော။
-
ကိုကို့ရဲ့ အနာဂတ် ဇနီးလေးရေ …
ဒီလောကကြီးရဲ့ ဘယ်နေရာရောက်ရောက် ၊ ရုပ်ဝတ္ထုပစ္စည်းတွေ ဘယ်လောက်ပဲပိုင်ဆိုင်ရပါစေအုံး သဲငယ်ကို တင်းတင်းကြပ်ကြပ် မပွေ့ဖက်ထားနိုင်သမျှတော့ အမြဲတမ်း မပြည့်စုံမှုတွေနဲ့ လိုအပ်နေမှာပဲ။ ကိုကို့အနား သဲငယ်အမြဲရှိဖို့ဆိုတဲ့ လိုအင်နဲ့ ကိုကိုကြိုးစားနေတဲ့ ပန်းတိုင်မှာ သဲငယ်ဟာ စိတ်တူကိုယ်တူ ကြိုးစားတည်ဆောက်ပေးနေလို့ သိပ်ကိုကျေးဇူးတင် ပိုမြတ်နိုးရပါတယ်။ ဘယ်သူမဆို မွေးရပ်မြေနဲ့ မိသားစုရဲ့ အဝေးမှာ မနေချင်ကြပါဘူး။ ဒါပေမယ့် သဲငယ် ကိုကို့ကိုရွေးချယ်တယ် ကိုကိုရှိမဲ့ ရေမြေခြားကို အရာအားလုံး ပို၍ ကောင်းမွန်အဆင်ပြေဖို့ဆိုတဲ့ စိတ်နဲ့ အနားအတူရှိပြီး အတူကြိုးစားကြမယ်ဆိုတဲ့ စိတ်ကူးအိပ်မက်ကလေးနဲ့ ဖြစ်တည်ကြိုးစားရှိနေပေးတာ ကိုကိုသိပ်ကိုဂုဏ်ယူရတဲ့ သဲငယ်ရဲ့ အလှတရားလေးတစ်ခုပေါ့ကွယ်။
-
ချစ်တဲ့ ကလေးလေးရေ ….
အရင်က နှစ်ယောက်အတူရဲ့ အမှတ်တရတွေကို ပြန်လည် ခံစားထိတွေ့ချင်လားကွယ်။ ကိုကိုကတော့ ပြန်လည် ထိတွေ့ချင်ပါရဲ့။ နှစ်ယောက်အတူထိုင်ခဲ့ကြတဲ့ ကော်ဖီဆိုင်၊ အကြိမ်ကြိမ်အခါအခါ အတူတူလျှောက်ခဲ့ကြတဲ့ လမ်းကလေး၊ YBS အတူတူစီးလို့ တစ်ဦးလက်ကို တစ်ဦး မလွှတ်တမ်း ဆုပ်ကိုင်ထားခဲ့ကြတာတွေ၊ အတူတူကျောခင်းခဲ့ကြဘူးတဲ့ ကန်ဘောင်၊ မြူနှင်းတွေ ဝေ့သီနေတဲ့ နံနက်ခင်းတွေမှာ ထိုင်ခုံပုလေးတွေနဲ့ အတူတူသောက်ခဲ့ကြရတဲ့ လက်ဖက်ရည်ဆိုင်၊ ကိုကိုနှိပ်စက်လို့ ရှိစုမဲ့စုထုတ်ကျွေးပြီး တဝတပြဲ စားခဲ့ရတဲ့ ထမင်းပေါင်း၊ သာယာတဲ့ဆည်းလည်းသံချိုတွေအောက် အတူပြုခဲ့ဘူးတဲ့ ကုသိုလ်နဲ့ အေးမြတဲ့အရိပ်အာဝါသကိုပေးတဲ့ စေတီတော်…။ အင်း ….။ ကိုကိုစဉ်းစားမိသမျှချရေးရင် တစ်ထောင့်တစ်ည အီစွပ်ပုံပြင်တွေထက်ရှည်ကြာသွားနိုင်ပါရဲ့ကွယ်။ ဒီစာပိုဒ်ကိုရေးနေရင်း သတိထားမိတာက ကိုကိုကသာ အဝေးကနေ စိတ်ကူးနဲ့ ပြည်လည်တသ လွမ်းနေရတာ အမှတ်တရဖြစ်တဲ့ နေရာတွေ ပတ်ပတ်လည်ဝိုင်းပြီး ကျန်နေခဲ့တဲ့ ကိုကို့ရဲ့ ကလေးလေးက ဘယ်လောက်များ လွမ်းနေရလိမ့်မလဲနော်။ ကိုကိုမကောင်းဘူးပဲ။ သဲငယ်ကို အရာရာဟာ လွမ်းစရာတွေပြည့်နှက်နေတဲ့အရပ်မှာ ထားပြီး ထွက်လာခဲ့ရတာနော်။ ပန်းခင်းလမ်းကို ရောက်ဖို့ မိုးတောကို ဖြတ်နေရချိန်လို့ပဲ နားလည်ပေးထားပါ ကလေးလေးရေ …။ ကိုကိုတို့ မျှော်လင့်ကြိုးစားလျှောက်လှမ်းနေတဲ့ ပန်းတိုင်က လက်တကမ်းကို ရောက်ခဲ့ပါပြီကွယ်။ ကျန်းမာရေးကို ဂရုစိုက်လို့၊ နေ့စဉ်နေ့တိုင်း ကိုကို့ကို လွမ်းလို့၊ အတူဆုံချိန် အနမ်းမိုးတွေ သည်းသည်းမဲမဲ ရွာသွန်းနိုင်ဖို့ အားမွေးပြီး စောင့်မျှော်နေပေးအုံး ကလေးလေးရေ …
“ အရမ်းလွမ်းတယ်ကွယ် “ ….
ချစ်တဲ့ ကိုကို …
25/09/2025
SaveDate
Happy 3 Years & 3 Months Anniversary Day
“ Miss You So Much “

Comments
Post a Comment