HAPPY ONE YEAR AND SEVEN MONTHS ANNIVERSARY DAY

 ကိုကိုချစ်ရတဲ့ ကိုကို့ကလေးလေးရေ ....

ချစ်ခရီးလမ်း ၁ နှစ်နဲ့ ၇ လပြည့်ခဲ့တဲ့ ကိုကိုတို့ရဲ့ ချစ်ရက်မြတ်လေးနော်။ လက်ရှိသက်တမ်းအတွင်းမှာ ကိုကိုတို့ စပြီးလက်တွဲခဲ့ကတည်းက ချမှတ်ထားရှိခဲ့တဲ့ Goals လေးတွေအကုန်ုလုံးပြည့်စုံနိုင်ခဲ့တာကို ကိုကိုတော့ ကျေနပ်ပီတီဖြစ်လို့မဆုံးဘူးကွယ်။ ၁ အချက် ကိုကိုအလုပ်ရခဲ့တယ်၊ ၂ အချက် ကိုကိုတို့ ခရီးသွားနိုင်ခဲ့တယ်၊ ၃ အချက် ကိုကိုတို့ နှစ်ယောက်အတူ Photos Shooting လုပ်နိုင်ခဲ့ပြီ။ တခြားသော Goals သေးသေးလေးတွေလည်း ပြည့်နိုင်ခဲ့ကြသေးတယ်နော်။ တစ်လတစ်ခါ ကော်ဖီဆိုင်အတူတူ ထိုင်ကြတာ၊ နှစ်ဖက်မိဘအိမ် အပြန်အလှန်သွားကြတာ၊ အခါအားလျော်စွာ သွားချင်ရာသွား စားချင်ရာ စားခဲ့ကြတာတွေပေါ့။ ပြန်တွေးကြည့်လိုက်တိုင်းပျော်ရွှင်ကြည်နူးရတဲ့အခိုက်အတန့်နဲ့ စိတ်တူကိုယ်တူရှိခဲ့ကြတဲ့အချိန်တိုင်းကအပြည့်ပါပဲ။ အဲ့တာမို့ ကိုကိုခဏခဏပြောတာ ဒီကမ္ဘာပေါ်မှာ သဲငယ်ကိုပိုင်ဆိုင်ရတဲ့ ကိုကိုက သိပ်ကံကောင်းတာပဲလို့။ ဒါတောင် အပြည့်အဝပိုင်ဆိုင်ရသေးတာမဟုတ်သေးလို့။ အပြည့်အဝပိုင်ဆိုင်ရရင် ကိုကို့ ကံကောင်းတာမဟုတ်တော့ပဲ ကံထူးတာဖြစ်ပြီပေါ့နော်။ ကံထူးနိုင်ဖို့ ကိုကိုကြိုးစားနေတဲ့လမ်းကလည်း လက်တစ်ကမ်းအလိုပဲရောက်လာပြီဆိုတော့ ကိုကိုတို့စိတ်ကူးအိပ်မက်တဲ့အနာဂတ်ကောင်းလေးက မဝေးတော့ဘူးပေါ့ကွယ်။


သဲငယ်လေးရေ ..

ဒီတစ်ခါ ခွဲနေရမှာက ရက်ပေါင်းများစွာနော်။ ဒီအသိနဲ့ကို ကိုကိုတို့နှစ်ပတ်လည်နေ့မှာလည်း မပျော်နိုင်ပါဘူးကွယ်။ အခုလိုမျိုး ခွဲနေရခြင်းဟာ ကိုကိုတို့အတူတူ အမြန်ဆုံးနီးစပ်ဖို့ဖြစ်ပြီး ပေါင်းဖက်နေရဖို့ဆိုတာ သိပေမယ့် ဒီလိုနေရမှ ဒီလိုနီးစပ်ပေါင်းဖက်ရမယ့် ကံကြမ္မာနဲ့ ဘဝဖြစ်တည်မှုကို တော်တော်အမြင်မကြည်ပါဘူး။ ဖြစ်တည်ရရှိလာတဲ့ဘဝဟာ အရာအားလုံး ကိုယ်ထူကိုယ်ထနဲ့ ကြိုးစားရုန်းကန် ရှင်သန်ကြရတဲ့ဘဝတွေနော်။ ဖြစ်တည်လာရခြင်းမှာ ဘယ်သူ့အပြစ်မှမပါတဲ့အတွက် ကိုယ့်ရဲ့ကံကြမ္မာက ဒီလိုမျိုး ဒီကမ္ဘာပေါ်မှာ ရှင်သန်ခွင့်ပေးထားတာမို့ သဘာဝအရ ရှင်သန်ရုန်းကန်ရင်း နွမ်းလျတဲ့အခါ၊ ပင်ပန်းတဲ့အခါ၊ လဲပြိုမလိုဖြစ်တဲ့အခါ၊ အခက်အခဲအကြပ်အတည်းတွေဖြစ်လာတဲ့အခါ ဒီကောင်မလေးရဲ့ အပြုံး၊ အရယ်၊ အားပေးစကား၊ ကူညီဖေးမမှုတွေနဲ့ ကိုကိုဟာ မိုးဦးကျမြက်ရိုင်းပင်တွေလို ပြန်လည်ရှင်သန်ပွင့်လန်းရပါတယ်။ တစ်ဦးနဲ့တစ်ဦး အားငယ်နွမ်းလျတဲ့အခါ အတူတူဆုံတွေ့ပြီး ဘဝရဲ့မောပန်းမှုတွေကိုဖြေဖျောက်လိုက်၊ ပျော်ရွှင်စရာတွေရှိလာတဲ့အခါ အတူတူပဲ ပျော်ရွှင်လည်ပတ်လိုက်ကြနဲ့ ဒီလိုနေခဲ့တဲ့ ကိုကိုတို့ရဲ့ ချစ်ခရီးလေးဟာ ခဏတော့ ခွဲနေကြရအုံးမယ်ဆိုတဲ့ စိတ်ခံစားချက်နဲ့ အတော်လေးကို စိတ်ထဲမှာ တင်းကြပ်တင်းခံနေတဲ့ အကြောင်းတရားပါပဲ။ တချို့တွေ ကိုကိုတို့လိုချင်တဲ့ဘဝတွေကို ရနေတဲ့အခါ မသိစိတ်ရဲ့မနာလိုမှုက ခေါင်းတိုးထွက်ချင်လာတတ်သေးတာပေါ့။ ဒါပေမယ့်လည်း တွန်းအားအဖြစ် ကိုကိုအမြဲပြောင်းလဲပစ်ပါတယ်။ ကိုကိုသဲငယ်ကိုပိုင်ဆိုင်ဖို့၊ သဲငယ်နဲ့အတူ ဒီကမ္ဘာပေါ်မှာ ကိုကိုတို့ ရည်ရွယ်စိတ်ကူးတဲ့ အနာဂတ်ကိုပုံဖေါ်ထုဆစ်နိုင်ဖို့ ဆိုတဲ့ ရည်မှန်းချက်အတွက် ကိုကိုကြိုးစားနေတာပေါ့။ ကိုကို့သဲငယ်လေးရဲ့ စိတ်ကူးဆန္ဒနဲ့ လိုအင်ဟာ ကိုကို့ရဲ့ ရလိုမှုပါပဲ။ သဲငယ်ဖြစ်ချင်တာတွေအတွက် လွတ်လွတ်လပ်လပ် လုပ်နိုင် ရယူနိုင်မဲ့နေ့ကို ကိုကိုတို့အတူတူ သွားကြမယ်နော်။ 


ကိုကိုသိပ်ချစ်ရတဲ့ သဲငယ်ရေ ....

ဒီနောက်ဆုံးစာပိုဒ်ဟာ နှုတ်ကမှာရမဲ့စကားတွေကို အက္ခရာတွေနဲ့တမင်ကျန်ခဲ့ချင်လို့ ရေးမဲ့စကားစုတွေပါ။ မတတ်သာလို့ ကိုကိုနဲ့ ခဏတာဝေးနေတုန်းအခိုက်မှာ ကြံ့ခိုင်သန်မာရမယ်နော်။ စိတ်ကိုပိုပြီးခိုင်ကြည်အားကောင်းအောင် ဂရုစိုက်ထား။ ကိုယ်တကယ်လိုချင်တဲ့ကိုယ့်ရဲ့အိပ်မက်ပန်းတိုင်နဲ့ကိုယ်လျှောက်လှမ်းနေတဲ့လမ်းကို ဘာကြောင့်နဲ့မှ မသွေဖည်နဲ့။ အနားမှာ ကိုကိုမရှိပေမယ့် ကိုကိုရှိသလိုပဲ စိတ်ကိုထား။ ကိုကိုသာဆို ဘယ်လိုမျိုး ကိုင်တွယ်ဖြေရှင်းလိုက်မှာဆိုတဲ့ အတွေးလေးနဲ့ ကြံ့ခိုင်ထားပေးပေါ့။ မိသားစုနဲ့ပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်ထဲမှာပဲဖြစ်ဖြစ် စိတ်ကမာကျောနေရမယ်နော်။ နောက်ပြီး ကျန်းမာရေးကို ဂရုစိုက်ပါ။ နှာစေး ချောင်းဆိုးလေးကအစ အသေးအဖွဲလေးဆိုပြီး ဖြစ်သလို ပေ မနေလိုက်နဲ့နော်။ ဆေးသောက်ဖို့လိုရင် သောက်ရမယ်။ အသက်ဆိုတာ တစ်ရက်ထက်တစ်ရက် ကြီးလာတာလေ။ ဒါမို့ တစ်နေ့ထက်တစ်နေ့ ကိုယ့်ခန္ခာကိုယ်ကို ဂရုစိုက်ရမယ်နော်။ လမ်းလျှောက်ရင် အောက်ကြည့်လျှောက်။ ခလုတ်တိုက်ပြီး ခြေထောက်ခဏခဏ ထိခိုက်မိနေတယ်။ လမ်းလျှောက်တာမြန်ပေမယ့် မမှန်ဘူးဖြစ်နေလို့ အဲ့လိုခလုတ်တိုက်နေတာ။ မှန်ဖို့ဆို အောက်ကြည့်လျှောက်ရမယ်လေနော်။ စိတ်ရှည်ရမယ့် အလေ့အကျင့်ကိုလည်း ဂရုတစိုက် ကြိုးစားထားအုံး။ စိတ်မရှည်တာ၊ စိတ်တိုလွယ်တာတွေက အမှားနဲ့ အထိအခိုက်ဖြစ်တတ်တယ်။ သင်တန်းစတဲ့အခါ စာကိုဂရုစိုက်ပြီး ပိုလုပ်ပါ။ လေ့ကျင့်ခန်းတွေကို မပျက်ရအောင်ဂရုစိုက်ပါ။ သေချာလေ့လာလိုက်စားရင် သဲငယ် Eng Speaking မပြောနိုင်စရာ ဘာအကြောင်းမှမရှိတာ ကိုကိုသိတယ်။ အချိန်မှန်အိမ်ပြန်ပါ။ အိမ်ပြန်ချိန်တွေကို ဂရုစိုက်ပြီး စောနိုင်သမျှ စောစောပြန်ပါ။ အိမ်မှာပဲနားပါ။ ကိုကိုအနားမှာမရှိတဲ့ ဘယ်လိုနေရာ၊ အခြေအနေ၊ အချိန်အခါမျိုးမှာမှ စိတ်မချပါဘူးနော်။ မိသားစုနဲ့လည်း ဆက်ဆံရေးကောင်းကိုတည်ဆောက်ပါ။ မိသားစုဟာ မိသားစုစိတ်ထားမျိုးနဲ့ ပွင့်လင်းတဲ့ သဘောသဘာဝ ထားရတယ်ကွဲ့။ သဲငယ် ခံစားရတာ၊ အမြင်၊ အခက်အခဲ၊ ပြဿနာ အားလုံးကို မိသားစု (သို့) ကိုကို နဲ့ တိုင်ပင်ဆွေးနွေးပါနော်။ ကိုယ့်ခံစားချက်အမြင်နဲ့သဘောထားကိုလည်း မိသားစုက ပွင့်ပွင့်လင်းလင်းသိနေရအောင် (ကိုယ့်ဝတ္တရားကုန်တဲ့အထိ) နေထိုင်ကျင့်ကြံရမယ်နော်။ ဒါမှ ကိုယ်မှန်နေရင် ကိုယ့်လုပ်ရပ်ကလည်း မှန်ကန်တာကြောင့် ဘယ်သူမှ ဘာမှ သဲငယ်ကို ဝေဖန်လို့ ဆုံးဖြတ်လို့မရတော့ဘူးပေါ့ကွယ်။ အချိန်မတော် ညဘက်တွေလည်း ခေါင်းမလျှော်ပါနဲ့။ ရေချိုးရင်လည်း မကြာနဲ့။ ကိုယ်က တိုက်ခန်းထဲ အဲကွန်းရှေ့ထိုင် အလုပ်လုပ်နေရသူပဲလေ။ ရေအကြားကြီးချိုးရလောက်အောင် ဂျေးတင်လာတာမှမဟုတ်ပဲလေ ..... နော့။ နောက်ပြီး ယွကျားလေးတွေအားလုံးကိုလည်း ကြီး၊ ငယ်၊ လတ်၊ အစို၊ အခြောက်၊ ပျိုပျို၊ အိုအို အကုန်လုံးကို သံသယစိတ် သတိစိတ်နဲ့ပဲ ဆက်ဆံပါ။ ဘယ်သူမှ မယုံပါနဲ့။ နေ့တိုင်းနေ့တိုင်း မနက်မိုးလင်း အိပ်ယာထကတည်းက ကိုကို့ကို လွမ်းပါ၊ သတိရပါ၊ စာပို့ပါ။ နှစ်နိုင်ငံ Day Time က မတူဘူးဆိုတော့ နေ့ခင်းနေ့လည်စာပို့ရင် အဆင်မပြေတော့မှာတော့ တွေးမိတယ်။ ညတိုင်းညတိုင်းတော့ ဖြစ်နိုင်ရင် Video Call ပြောချင်တယ်။ ကိုကိုအလွမ်းသယ်ချင်တယ်။ ဒီကောင်မလေးရဲ့မျက်နှာကို နေ့တိုင်းတွေ့ချင်တယ်။ ဘာလုပ်ရမယ်ဆိုတာ သိတယ်ဟုတ်။ ကိုကိုတစ်နေ့တာလုံးပင်ပန်းသမျှရဲ့ အမောပြေလေးဟာ သဲငယ်ပဲမို့လေ။ ဟုတ်ပြီလား။ 


ကိုကိုဘာမှာစရာကျန်သေးလဲ ....။ စာတွေတော့ အတော်များသွားတာပဲနော် ....။

မှာစရာတွေကျန်သေးလဲ နှုတ်ကပဲ ထပ်မှာပါတော့မယ်ကွယ်။ စာတွေဖတ်ရလွန်းလို့ ခေါင်းတွေပူပြီးမူးနောက်နေမှာစိုးလို့ ...။ နော် .....။

အရမ်းချစ်တယ် ..... 

ခွဲမနေချင်ဘူး .....

-

-

- သဲငယ်ရဲ့ ကိုကို -

25-01-2024 (Save Date)
One Year and Seven Months Anni Day
Your My Sunshine


Comments