25 / Jun / 2022 [ Resurrection Date of My Life ]



ချစ်ရတဲ့သဲငယ်ရေ ...
ရွှင်လန်းချမ်းမြေ့ပါစေကွယ် ...

ရိုးရာအယူဓလေ့တစ်ခုအရ လူတွေဆိုစမှတ်ပြုကြတဲ့ အရာတစ်ခုရှိတယ်။ မြန်မာ့ဓလေ့မှာ ယောင်္ကျားလေးတစ်ယောက်အတွက် ဘဝ သက်တမ်းအတွင်းမှာ အပျော်ရွှင်ရဆုံးအချိန် သုံးခုရှိကြတယ်တဲ့။ ရှင်လိင်ပြန်တဲ့နေ့၊ မင်္ဂလာဆောင်တဲ့နေ့၊ ထောင်ကထွက်တဲ့နေ့ တဲ့။ ကိုကို့အတွက်တော့ ကိုကို မပြုရသေးတဲ့ မင်္ဂလာဆောင်တဲ့နေ့ကလွဲရင် ထိုဆိုစမှတ်တွေကိုပယ်ပါတယ်။ ကိုကို့အတွက် အပျော်ရွှင်ရဆုံးနေ့က ဒီနေ့ပါ။ 25/6/2022 ဆိုတဲ့ ဒီနေ့ပါပဲ။ သဲငယ်နဲ့ကိုကို အလွတ်လပ်ဆုံးရင်ခုန်သံလင်းပွင့်မှုတွေနဲ့ နှလုံးသားချင်းထပ်တူပြုလို့ ချစ်ခြင်းမှာ အတိအလင်းဝန်ခံ တစ်ယောက်ကိုတစ်ယောက်ပိုင်ဆိုင်ခဲ့ကြတဲ့နေ့ပေါ့။ အချိန်ကာလများစွာ စောင့်စားရင်ခုန်ခဲ့ရရင်း နောက်ဆုံးမှာတော့ ကိုကို သဲငယ်ရဲ့ နှလုံးသားလေးကိုပိုင်ဆိုင်ခဲ့ရပြီနော်။ အလွယ်တကူ ပိုင်ဆိုင်ခဲ့ရတာမဟုတ်တော့ တန်ဖိုးထားမြတ်နိုးမှုမှာ သဲငယ်မြင်ဘူးခဲ့သမျှ အရာရာထက်သာပါလိမ့်မယ်။ ကိုကိုသဲငယ်ကိုသိပ်ချစ်တယ်။ သဲငယ်ကို ကိုကိုချစ်သလို ကိုကို့ကိုလည်း သဲငယ်ချစ်တယ်လို့ ကိုကိုယုံတယ်။ ကိုကိုတို့ဟာ နှလုံးသားခြင်း ထပ်တူကျပြီး အနားလည်အသိတတ်ဆုံးနဲ့ မြင့်မားတဲ့တန်ဖိုးညီမျှခြင်းတွေရှိကြပါတယ်။ ချစ်ခြင်းရဲ့အကြောင်း၊ တန်ဖိုး၊ ဂရုစိုက်မှု၊ မြတ်နိုးမှုနဲ့အကြင်နာ၊ နားလည်နိုင်မှု၊ ကာကွယ်စောင့်ရှောက်လိုမှု၊ ဖေးမထောက်ပံ့တတ်မှု ...။ စတဲ့ အဆုံးမရှိတဲ့ တစ်ဦးအပေါ်တစ်ဦးထားတဲ့ မေတ္တာတရားနဲ့အချစ်ဟာ တန်ဖိုးမြင့်မားနက်ရှိုင်းကျယ်ပြန့်လှပါတယ်။ 
INFINITY LOVE ပေါ့ကွယ် ....။



-
ချစ်ရတဲ့သဲငယ်ရေ ...
ကိုကိုပြောချင်ပါသေးတယ် ...

အဆုံးစွန်သောလိုက်လျောခြင်းထက်ပိုတဲ့အဆုံးစွန်ခြင်းမှာ သဲငယ်ဟာ အချစ်ကို မှတ်ကျောက်တင်ခဲ့ပါတယ်။ အသေးစိတ်ရေးရင် သဲငယ်ရှက်မှာစိုးလို့ ကိုကို အသေးစိတ်တော့ပြန်မရေးတော့ပါဘူး။ တကယ်တော့ ဒီနေ့မှာ သဲငယ် Fail ခဲ့တာမဟုတ်ပါဘူး။ မြင့်မားတဲ့ သဲငယ်ရဲ့အချစ်တန်ဖိုးကို ပြသလိုက်တာပါ။ ဒီတန်ဖိုးကို ကိုကိုကလည်း ပိုပြီး တန်ဖိုးမြင့်မားအောင် အလေးအမြတ်ပြု မြတ်နိုးပါတယ်။ သဲငယ်အတွက် ဒီဆုံးဖြတ်ချက်ဟာ မလွယ်ပါဘူး။ မလွယ်တဲ့ဆုံးဖြတ်ချက်ကို ကိုကို့အပေါ်တန်ဖိုးထားခြင်းကနေ ဆုံးဖြတ်နိုင်ခဲ့တာပါ။ ချစ်ပါသဲငယ်။ ကိုကို့ကိုချစ်ပါ။ မြတ်မြတ်နိုးနိုးချစ်ပါ။ နှစ်နှစ်ကာကာချစ်ပါ။ ကိုကိုဟာ သဲငယ်ရဲ့ အချစ်နဲ့ ဘယ်လောက်ထိုက်တန်တဲ့ လူဆိုတာကို သက်သေထူပြပါ့မယ်။ ဒီကမ္ဘာပေါ်မှာ တစ်ဦးတည်းသော သဲငယ်အတွက် အလိုက်ဖက်ဆုံးနဲ့ တန်ဖိုးအထားတတ်ဆုံး လူသားဆိုတာကို နှောင်းလူတွေကို ပြောပြနိုင်စေရပါမယ်။ ဒီလိုအခွင့်အရေးပေးတဲ့ သဲငယ်ကိုလည်း တကယ့်ကိုကျေးဇူးတင်ပါတယ်။ သဲငယ်အနားကနေ မထိုက်တန်တဲ့လူတွေ လွင့်ထွက်သွားကြပေမယ့် ထိုက်တန်တဲ့ ကိုကို ပြန်ရောက်လာတယ်ဆိုတာ သဲငယ် ယုံကြည်ထားပါ။ ဒါဟာ ကိုကိုတို့အတွက် ကံကြမ္မာပါ။ ရေစက်ပါ။ နတ်ဖတ်တဲ့ ဖူးစာပါပဲသဲငယ်ရေ။



-
ချစ်ရတဲ့သဲငယ်ရေ ...
ကိုကိုဝန်ခံချင်ပါသေးတယ် ...

ကိုကိုဟာ ဘဝသက်တမ်းတစ်ခုရဲ့ အလယ်အပိုင်းအခြားကိုရောက်နေပါပြီ။ အရင်လို ငယ်ရွယ်နုပျိုမှုတွေ တဖြည်းဖြည်းပြိုကျပျက်စီးလာတာကို နေ့ရက်တိုင်း ရင်ဆိုင်နေရတဲ့သူပါ။ အတိတ်က အမှားတွေ၊ သင်ခန်းစာတွေကို ယူရင်း အနာဂတ်ကို ပုံဖော်တည်ဆောက်နေတာပါ။ တစ်ချိန်က ကိုကို့ဘဝကို လမ်းဆုံးပြီလို့ တွေးခဲ့ဘူးပြီး ရော်ရွက်ဝါလေးတစ်ရွက်လို လေလွင့်ကြွေမွပျက်စီးသွားစေဖို့ ကြိုးစားအားထုတ်ခဲ့ဘူးတာပေါ့။ သဲငယ်ရဲ့ Messenger လေးကနေ ပြန်ပိုခဲ့တဲ့ Hi လေးကနေ ဘဝရဲ့အလင်းရောင်ကို ပြန်တွေ့ခဲ့ရသူပါ။ ဒီတစ်ခါတော့ လိုအပ်ချက်နဲ့ လိုအင် ကိုက်ညီပြည့်စုံပါပြီကွယ်။ အနာနဲ့ဆေးတည့်ပါပြီ။ ကိုကို့ဘဝကို ပြန်စပါတော့မယ်။ တစ်ချိန်ကလည်း အရှုံးပေးခဲ့တာတော့မဟုတ်ပါဘူး။ လမ်းပျောက်နေခဲ့ရတာပါ။ လုပ်သမျှဖြစ်မလာတိုင်း တစ်ရစ်ပြီးတစ်ရစ်၊ တစ်ထပ်ပြီးတစ်ထပ် ပြိုပြိုကျသွားခဲ့တဲ့ စိတ်ဓါတ်တွေမှာ ငါဘာလဲ ဆိုတဲ့ မေးခွန်းတွေနဲ့ အမှောင်မိုက်ဆုံးနေ့ရက်တွေကို လက်ပြနှုတ်ဆက်နိုင်ခဲ့ပါပြီ။ ကိုကို့မှာ အနာဂတ်ရှိလာပြီလေ ။ ပိုင်ဆိုင်လိုမှုရှိလာပြီ။ အလင်းရောင်ကို ရလာပြီ။ အိပ်မက်တွေ ပွင့်လန်းလာခဲ့ပြီ။ ဒီနေ့ရဲ့ ထူးခြားတဲ့ ကိုကိုတို့အတွက် တန်ဖိုးရှိတဲ့ အထိမ်းအမှတ် နေ့ရက်ကလေးကနေ ကိုကို ကတိပြုလိုက်ပါတယ် ...။


      ... သဲငယ်ကို ကိုကို လက်ထပ်နိုင်ရမယ် ...
           Today is resurrection date of my life.

သဲငယ်ရဲ့ ကိုကို
25 / Jun / 2022 
( Starting Relationship Date )

Comments