She is My Light

လောကကြီးမှာ လူတစ်ဦးနဲ့တစ်ဦးကြား ချစ်ခင်မြတ်နိုးကြဖို့အတွက် အခြေခံအကြောင်းတရားတွေအဖြစ် ဘာတွေလိုအပ်မယ် ကျွန်တော်မသိဘူး ...။

ကျွန်တော်က ကိုယ့်နှလုံးခုန်သံကို သေသေချာချာ နားထောင်တတ်တဲ့သူ။ ချစ်ခြင်းမှာ ရင်ခုန်သံ၊ စိတ်ခံစားချက် ဘယ်လောက်အထိ ကြိမ်နှုန်းမြင့်လဲဆိုတာကိုပဲ ကျွန်တော် ဆန်းစစ်တယ်။

ဆန်းတော့ ဆန်းတယ် ....။ ဒီလောကကြီးမှာ ကိုယ်နဲ့ တကယ့်ကိုထပ်တူကျတဲ့ စိတ်ခံစားချက်အတွေးအမြင်တွေနဲ့ ကိုယ့်ရဲ့ သိစိတ်၊ မသိစိတ် နှစ်မျိုးလုံးက လိုလိုလားလားတောင့်တတဲ့ မိန်းကလေးနဲ့ ဆုံတွေ့ရဖို့ ဆိုတာ ဆန်းရုံတင်မဟုတ်ပဲ ထူးခြားမှုပါထည့်ပေါင်းရမယ့် ထူးခြားဆန်းကြယ်မှုပဲဖြစ်လိမ့်မည်။ မထင်မှတ်ပဲ ဆုံတွေ့သတိထားမိခဲ့ရပြီး စိတ်ထဲမှတ်မှတ်ထင်ထင်ရှိလာမှုကနေ သူမအနားရောက်အောင် ကြိုးစားမိတဲ့အထိ ဖြစ်လာခဲ့သည်။ ပထမဆုံး လူချင်းတွေ့ကြတဲ့နေ့မှာပဲ ကိုယ်သောက်မယ့်ကော်ဖီခွက်ကို မွှေပေးတဲ့သူမကို ပို၍ စိတ်ဝင်စား စွဲလမ်းမိခဲ့ရသည်။ နောက်ပြီး သူမကကိုယ့်လို ကော်ဖီကြိုက်နှစ်သက်သူ တစ်ဦး။ သူပေးခဲ့တဲ့ စာအုပ်လေးကို ဂရုတစိုက်သေသေချာချာလေးဖတ်ရင်း ကိုယ်နဲ့ပို၍ပို၍ ရင်းနှီးနိုင်မယ့်သူတစ်ယောက်လို့ သတ်မှတ်လိုက်မိတော့သည်။




နောက်ရက်များစွာမှာ သူမ အနား ကျွန်တော်ခဏခဏ သွားတတ်လာသည်။ သူ့လက်ဖဝါးလေးကိုကိုင်ပြီး လမ်းမတွေထက်လျှောက်ရသည်မှာ ဘဝင်လေဟပ်ရသည်။ အတူသွား၊ အတူစား နောက်ပြီး အတူစီးကြသော ဘတ်စ်ကားပေါင်းများစွာ ....။ အိမ်ပြန်လိုက်ဖို့ချိန်တိုင်း ခွေးကြောက်တတ်သော သူမကို ကျွန်တော်က ခွေးနဲ့စသည်။ ကျွန်တော့်အကျင့်ကလည်း ဆိုးသည်။ အစလွန်တတ်ခြင်းပင်။ ခွေးနဲ့စသောအခါ ဟောင်သောခွေးတွေကြောင့် ကျွန်တော့်လက်မောင်းကို ဖက်တွယ်ထားတတ်သော ကောင်မလေးကို ရင်ခုန်လှိုက်မောမိသည်။ တမင်ပင် မှောင်သောလမ်းတွေကို ရွေးချယ်လျှောက်ကြရင်း သူမပါးကို ကျွန်တော် ခိုးနမ်းသည်ကို ရှက်နေတတ်သော သူ့ကြောင့် ကျွန်တော့်မှာ ပို၍အသည်းယား ပို၍အချစ်ပိုရသည်။ ထိုစဉ်တုန်းကတော့ သူမသည် ပီဘိကလေးငယ်လေးလို ပကတိဖြူစင်ရိုးသားလွန်းပြီး ဇွတ်တရွတ်နိုင်တတ်သူကလေးဖြစ်သည်။ ကျွန်တော်စရင် ငိုမဲ့မဲ့ဖြစ်ပြီး ကျွန်တော်ဂရုစိုက်လျှင် ပျော်နေတတ်သော ချစ်စရာကောင်းလွန်းသော ကလေးမလေးဖြစ်သည်။



ယခုဆိုလျှင် သူမနှင့်ကျွန်တော် ဆုံတွေ့ခဲ့သည်မှာ ငါးနှစ်တာကာလသို့ရောက်ရှိလာလေပြီ။ ဟိုစဉ်နှင့်မတူ တိုးတက်ရင့်ကျက်ပြောင်းလဲလာမှုများကိုလည်း သူမတွင်တွေ့ရသည်။ ပို၍သဘောကျစရာကောင်းလာသည်ကတော့အမှန်ပင်။ ကျွန်တော် သူမကိုချစ်သည်။ ချစ်ခြင်းကိုဖွဲ့ဖွဲ့နွဲ့နွဲ့မပြောတတ်သောသူမို့ ကိုယ့်ကိုကိုယ် အားမရတတ်မှုမှာ ကျွန်တော်၏ ဟိုးအတွင်းစိတ်ထဲအထိမြင်အောင်ကြည့်တတ်သော သူမကို အံ့ဩ ပီတိဖြစ်ရသည်။ ဤမိန်းကလေးသာလျင် ဒီကမ္ဘာကြီးမှာ ကျွန်တော့်အတွက်တစ်ဦးတည်းသော ဘဝလက်တွဲဖော်စစ်စစ်ဖြစ်သည်။ ယခုကျတော့ ယခင်က ကျွန်တော်စလျှင် ငိုမဲ့မဲ့ဖြစ်သောကလေးမလေးက ကျွန်တော့်ကို ငိုမဲ့မဲ့ဖြစ်အောင် ပြန်စနေပြီဖြစ်သည်။ သူစလျှင် ကျွန်တော် မခံနိုင်တော့။ ဟန်မဆောင်တတ်သော ကျွန်တော်က တစ်ခုခုခံစားလိုက်ရပြီဆို ခံစားချက်က မျက်နှာပေါ်အရင်ခုန်တက်လာသည်။ ဒါကိုကြည့်ပြီး သူမက စ ရသည်ကို ပျော်နေသည်လားဟု ကျွန်တော်တွေးမိသေးသည်။ ကျွန်တော့်ကို နာကျင်စေလိုသော စိတ်အလျဉ်းမရှိသည့် သူမ၏ပကတိစိတ်သဘောထားကိုလည်း ကျွန်တော် သိသည်။ ဒီကြားထဲကပင် စ နေသည်ကို ခံစားမိနေရသော ကျွန်တော်သည် ကိုယ့်ကိုကိုယ်လည်းဘာဖြစ်မှန်းမသိပါချေ။ သေချာနေသည်ကတော့ ဒီမိန်းကလေးကို ကျွန်တော်သိပ်ချစ်နေတာပဲဖြစ်သည်။ ကျွန်တော်သူမအား အဆုံးရှုံးမခံနိုင်/မခံချင်တော့။ ပိုင်ဆိုင်ခွင့်ရဖို့အရေး ကြိုးစားရမည့်အနာဂတ်ခရီးရှိလာသည်။ ထိုခရီးမည်မျှကြမ်းတမ်းပါစေ ပန်းတိုင်ရောက်ဖို့ ကျွန်တော်အစဉ်မပြတ်ကြိုးစားရယူမည်။ ခဏခဏမက်တတ်သော အနာဂတ်အိပ်မက်တွင်မတော့ ကျွန်တော်သိပ်သဝန်တိုရသော အရယ်အပြုံးလေးနဲ့ ကျွန်တော့်အတွက် ကော်ဖီခွက်ကလေးကိုမွှေပေးနေသော သူမကိုသာ အကြိမ်ကြိမ်စိတ်ကူးမြင်ယောင်နေမိတော့သည်လေ ....။

Lay Cho ( သာယာ )

Remembering of One Month Anniversary

( Save Date : 25 / 6 / 2022 )

Comments